来客网

စန်းတုန်းပြည်နယ်တွင် တိုးတက်မှုနှုန်း ပထမချိတ်ပြီး လူသိနည်းသည့် မြို့ငယ်လေးမှ လူတိုင်းကို အံ့အားသင့်စေခဲ့

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]

တရုတ်နိုင်ငံ၏ မြို့ပြစီးပွားရေးတွင် စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ မထင်မှတ်ထားသော နေရာလေးများမှပင် တိုးတက်မှု အရှိန်အဟုန်သစ်များ အမြဲထွက်ပေါ်လာခြင်းဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၏ နှစ်ဝက်အတွင်း စန်းတုန်းပြည်နယ် စီးပွားရေး၏ အံ့အားသင့်စရာအကောင်းဆုံး မြို့မှာ ချင်းတောင်း (Qingdao) ၊ ကျီးနန် (Jinan) ၊ ယန်းထိုင် (Yantai) တို့မှ မဟုတ်ဘဲ လူသိနည်းသည့် ကမ်းရိုးတန်း မြို့ငယ်လေးတစ်မြို့ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပါ။

မကြာသေးမီက ရီကျောက်မြို့ စာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများသည် စီးပွားရေးလောကတွင် ရိုက်ခတ်မှုများ စတင်ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်း ရီကျောက်မြို့သည် ဒေသတွင်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ယွမ် ၁၃၉ ဒသမ ၇၀၈ ဘီလီယံ ရရှိခဲ့ပြီး ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ထိုပမာဏသည် နိုင်ငံအဆင့်ရော ပြည်နယ်အဆင့် ထုတ်လုပ်မှုညွှန်းကိန်းများထက်ပါ ပိုမိုကောင်းမွန်နေပြီး တိုးတက်မှုနှုန်းမှာ စန်းတုန်းတစ်ပြည်နယ်လုံးတွင် ပထမရရှိခဲ့ပါသည်။

အပြိုင်အဆိုင်များလှသော စန်းတုန်းပြည်နယ်ထဲတွင် တစ်ချိန်က နောက်ကျကျန်ရစ်ခဲ့သည့် ဤကမ်းရိုးတန်းမြို့လေးသည် မည်သည့်အရာကို အခြေပြု၍ ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် အလျင်အမြန် တိုးတက်လာပါသနည်း။

စန်းတုန်းပြည်နယ်၏ စီးပွားရေးပြမြေပုံတွင် ရီကျောက်မြို့၏ အခန်းကဏ္ဍမှာ အချိန်အတော်ကြာအောင် ရေရာမှုမရှိဘဲ ကြားညပ်ပြီး အနေရခက်သည့် အနေအထား ဖြစ်ခဲ့ပါသည်။ ဘယ်ဘက်တွင် ချင်းတောင်းမြို့၏ လွှမ်းမိုးဆွဲဆောင်မှု၊ ညာဘက်တွင် လင်းယီ (Linyi) မြို့၏ ကုန်စည်ပို့ဆောင်ရေး ယှဉ်ပြိုင်မှုတို့ကြား၌ "နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ကျရောက်ရာမြို့" ဟု အမည်တွင်ပြီး ရွှေရောင်ကမ်းရိုးတန်းရှိသော်လည်း ဖွံ့ဖြိုးမှုနောက်ကျသော ကမ်းရိုးတန်းဒေသအဖြစ် ကာလရှည်ကြာ တံဆိပ်ကပ်ခံခဲ့ရပါသည်။ သို့သော် အပြောင်းအလဲများ၏ လျှို့ဝှက်ချက်သည် စက်မှုလုပ်ငန်းများ၏ အခြေခံဖွဲ့စည်းပုံကို အောက်ခြေမှစ၍ ပြန်လည်ပြုပြင်ပြောင်းလဲမှုများတွင် ကိန်းဝပ်နေပါသည်။

အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ် (New Quality Productive Forces) ကို ဒေသအသီးသီးက အဓိကထား ဖွံ့ဖြိုးရေးလုပ်ဆောင်နေချိန်တွင် ရီကျောက်မြို့သည် အယူအဆများကို ဟန်ပြ သုံးစွဲခဲ့ခြင်းမရှိဘဲ လက်တွေ့ကျပြီး ခိုင်မာသော လမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်။ ထိုလမ်းကြောင်းမှာ ရိုးရာ စက်မှုလုပ်ငန်းများကို အခြေခံမှစ၍ အသွင်ကူးပြောင်းစေပြီး အသွင်သစ်ဖြင့် အားကောင်းလာစေခြင်းဖြစ်ပါသည်။

ရီကျောက်မြို့၏ ၂၀၂၆ ခုနှစ် နှစ်ဝက် စီးပွားရေးအစီရင်ခံစာကို ကြည့်ပါက စက်မှုကုန်ထုတ်လုပ်ငန်းသည် အခိုင်မာဆုံးသော ပံ့ပိုးမှုဖြစ်ကြောင်း တွေ့ရပါမည်။ သံမဏိ၊ မော်တော်ယာဉ်နှင့် စက်ပစ္စည်းထုတ်လုပ်ရေး အစရှိသည့် မဏ္ဍိုင်စက်မှုလုပ်ငန်းများ ဟန်ချက်ညီစွာ တိုးတက်လာခဲ့ပြီး သတ်မှတ်ပမာဏထက်ကျော်လွန်သော စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထပ်ဆောင်းတန်ဖိုး (Value-added) မှာ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ နိုင်ငံအဆင့်နှင့် စန်းတုန်းပြည်နယ်အဆင့်ထက် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၇ ရာခိုင်နှုန်းစီ အသီးသီး ပိုမိုမြင့်မားခဲ့ပါသည်။ ပိုမိုအံ့အားသင့်စရာကောင်းသည်မှာ မော်တော်ယာဉ် ထုတ်လုပ်ရေး ကဏ္ဍတွင် ၂၇ ဒသမ ၉ ရာခိုင်နှုန်းအထိ ထောက်ပြစရာမလိုအောင် မြင့်တက်လာခဲ့ပြီး စက်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍတွင်လည်း ၂၂ ဒသမ ၃ ရာခိုင်နှုန်းဟူသော မြင့်မားသည့် တိုးတက်မှုနှုန်းကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဤစက်မှုကုန်ထုတ်လုပ်ငန်း တိုးတက်မှု၏ အရည်အသွေးနောက်ကွယ်ရှိ သော့ချက်စကားလုံး နှစ်ခုမှာ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အရည်အသွေးမြှင့်တင်ခြင်း" နှင့် "ဆန်းသစ်တီထွင်မှုနှင့် စွမ်းအားစုစည်းခြင်း" တို့ဖြစ်ပါသည်။

သံမဏိစက်မှုလုပ်ငန်းသည် ရီကျောက်မြို့ စက်မှုကဏ္ဍ၏ ပင်မဒေါက်တိုင်ဖြစ်သလို စိမ်းလန်းစိုပြည်ရေး အသွင်ကူးပြောင်းမှု၏ အဓိကစစ်မျက်နှာလည်းဖြစ်ပါသည်။

နိုင်ငံအဆင့်နှင့် စန်းတုန်းပြည်နယ်တို့၏ အဓိက အဆင့်မြင့် သံမဏိထုတ်လုပ်ရေးအခြေစိုက်စခန်းဖြစ်သည့် ရီကျောက်မြို့သည် လက်ရှိတွင် သံမဏိထုတ်လုပ်မှု ပမာဏ တန်ချိန် သန်း ၃၀ နီးပါးရှိပြီး စန်းတုန်းပြည်နယ် သံမဏိစက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေး၏ ဗဟိုချက်ဒေသဖြစ်ပါသည်။

"ထုတ်လုပ်မှုတိုးသော်လည်း ညစ်ညမ်းမှုမတိုးခြင်း၊ ကာဗွန်လျှော့ချပြီး ထိရောက်မှုတိုးတက်စေခြင်း" ဆိုသည်မှာ ကြွေးကြော်သံသက်သက် မဟုတ်တော့ဘဲ အမှန်တကယ် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေသည့် အရာဖြစ်လာခဲ့ပါသည်။

"Rizhao Steel" နှင့် "Rizhao Steel Holding Group" ဟုခေါ်သော အဓိက ပင်မကုမ္ပဏီကြီးနှစ်ခုကို ဦးဆောင်သူများအဖြစ်ထားရှိကာ စက္ကူနှင့် သံတိုသံစ ပြန်လည်ပြုပြင်သည့် လုပ်ငန်းများနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ သံမဏိဆက်စပ် စက်မှုဥယျာဉ်သည် သံတိုသံစ တန်ချိန် ၁၈ သန်းကျော်ကို ပြန်လည်အသုံးပြုနိုင်ခဲ့သဖြင့် သံရိုင်းကျိုချက်ခြင်းမှ ထွက်ရှိသော ကာဗွန်ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ပါသည်။ ဤသည်မှာ သံရိုင်းတန်ချိန် သန်းပေါင်းများစွာ တူးဖော်မှုကို လျှော့ချနိုင်ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်ပြီး ရရှိလိုက်သည့် ရလဒ်မှာ ကာဗွန်ထုတ်လွှတ်မှု လျော့ကျသွားရုံသာမက စက်မှုလုပ်ငန်းကွင်းဆက်၏ ကြံ့ခိုင်မှုကိုပါ အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဆန်းသစ်တီထွင်မှုနှင့် စွမ်းအားစုစည်းခြင်းတို့သည် လုပ်ငန်းဟောင်းများကို အင်အားသစ်များ ဖြည့်တင်းပေးခဲ့ပါသည်။ နှစ်ဝက်အတွင်း ရီကျောက်မြို့၏ အထွေထွေသုံး စက်ပစ္စည်းထုတ်လုပ်ရေး၊ အထူးသုံး စက်ပစ္စည်းထုတ်လုပ်ရေးနှင့် ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြားအီလက်ထရွန်းနစ် ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍတို့၏ ထပ်ဆောင်းတန်ဖိုးများသည် ၄၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၃၈ ဒသမ ၃ ရာခိုင်နှုန်း နှင့် ၁၉ ဒသမ ၃ ရာခိုင်နှုန်းစီ အသီးသီး တိုးတက်ခဲ့ကြပါသည်။

ဤကိန်းဂဏန်းများသည် ရီကျောက်မြို့၏ စက်မှုကဏ္ဍ အဆင့်မြှင့်တင်မှု အောင်မြင်နေခြင်း၏ သက်သေများပင်ဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍ၏ စွမ်းဆောင်ရည်ကိုလည်း လျှော့တွက်၍ မရပေ။ နှစ်ဝက်အတွင်း ရီကျောက်မြို့၏ တတိယစီးပွားရေးကဏ္ဍ (ဝန်ဆောင်မှုကဏ္ဍ) ထပ်ဆောင်းတန်ဖိုးသည် ယခင်နှစ်ကာလတူထက် ၈ ဒသမ ၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကဏ္ဍကြီးသုံးခုအနက် တိုးတက်မှုနှုန်း အမြန်ဆုံး ဖြစ်ခဲ့ပါသည်။ ဇန်နဝါရီလမှ မေလအထိ သတ်မှတ်ပမာဏထက်ကျော်လွန်သော ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝင်ငွေသည် ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အဓိကလုပ်ငန်းများ၏ ဝင်ငွေမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ပါသည်။

ပိုမိုကျယ်ပြန့်စွာကြည့်ပါက ရီကျောက်မြို့၏ တိုးတက်လာမှုသည် စန်းတုန်းပြည်နယ်အတွက်မူ မြို့တစ်မြို့၏ အောင်ပွဲမျှသာ မကပေ။ အချိန်အတော်ကြာအောင် စန်းတုန်းပြည်နယ်၏ စီးပွားရေးတိုးတက်မှုသည် ကျောင်းတုန်းကျွန်းဆွယ်ရှိ ချင်းတောင်း၊ ယန်းထိုင်နှင့် ပြည်နယ်မြို့တော် ကျီးနန်တို့အပေါ် အလွန်အမင်း မှီခိုခဲ့ရပါသည်။ ရီကျောက်မြို့၏ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုနှုန်းသည် ပြည်နယ်၏ ပျမ်းမျှအဆင့်ထက် ၀ ဒသမ ၈ ရာခိုင်နှုန်း ကွာခြားသွားခဲ့ရာ ကိန်းဂဏန်းအရ ဦးဆောင်နေရုံမျှမကဘဲ စန်းတုန်းပြည်နယ်၏ "အလယ်အလတ်မြို့များ" စတင်နိုးထလာသည့် အချက်ပြမှုလည်းဖြစ်ပါသည်။ စန်းတုန်း စီးပွားရေး၏ ကြံ့ခိုင်မှုသည် ထိပ်တန်းမြို့ကြီးများကိုပဲ အားကိုးနေရခြင်း မဟုတ်တော့ဘဲ ပိုမိုခိုင်မာသည့် အလယ်အလတ် စက်မှုအင်အားများကပါ ပံ့ပိုးပေးနေပြီဖြစ်ကြောင်း သက်သေပြနေပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative) အောက်ရှိ ဥရောပ-အာရှ ကုန်းလမ်းမကြီး စီးပွားရေး စင်္ကြံသစ်တစ်လျှောက် အဓိက ဆုံချက်မြို့ဖြစ်သည့် ရီကျောက်ဆိပ်ကမ်း၏ ကုန်စည်စီးဆင်းမှု ပမာဏသည် ၎င်း၏ စီးပွားရေးအခြေအနေကို တိုက်ရိုက်ပြသနေပါသည်။

နှစ်ဝက်အတွင်း ရီကျောက်မြို့သည် ပြည်တွင်းစီးပွားရေး စနစ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့ရုံသာမက ပြည်ပစီးပွားရေးကဏ္ဍတွင်လည်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့ပါသည်။ ပို့ကုန်သွင်းကုန် စုစုပေါင်း ပမာဏ ယွမ် ၇၀ ဒသမ ၀၆ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၃ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဇွန်လတစ်လတည်း၌ပင် ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၃ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၄၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ စုံလင်လှသော သွင်းကုန်ပို့ကုန် ညွှန်းကိန်း နှစ်ခုစလုံး ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

ရီကျောက်မြို့၏ သွင်းကုန်ပို့ကုန် ပမာဏ အဟုန်မပျက် တိုးတက်လာခြင်းသည် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး တိုးတက်မှုကို ရောင်ပြန်ဟပ်နေသည့် ပြတင်းပေါက်တစ်ခုလည်း ဖြစ်ပါသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတစ်ဝန်း ကုန်စည် စုစုပေါင်း သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ် ၃၀,၁၂၆ ဒသမ ၄ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထိုအထဲတွင် ပို့ကုန်ပမာဏမှာ ယွမ် ၁၇,၄၄၀ ဘီလီယံ (၁၄ ဒသမ ၀ ရာခိုင်နှုန်း တိုးတက်မှု) နှင့် သွင်းကုန်ပမာဏမှာ ယွမ် ၁၂,၆၈၆ ဒသမ ၄ ဘီလီယံ (၂၂ ဒသမ ၀ ရာခိုင်နှုန်း တိုးတက်မှု) အသီးသီး ရှိခဲ့ပါသည်။

ရေနက်ဆိပ်ကမ်း၏ အားသာချက်ကို အသုံးချ၍ ရီကျောက်မြို့၏ သံမဏိ ပို့ကုန်နှင့် အဓိကကုန်စည် သွင်းကုန်များ၏ လှုပ်ရှားမှုသည် အလွန်မြင့်မားသည့် တက်ကြွမှုအခြေအနေတွင် ရှိနေခဲ့ပါသည်။ "တန်ချိန် သန်း ၅၀၀ ကို ကိုင်တွယ်နိုင်သည့် အငယ်ဆုံး ဆိပ်ကမ်းကြီး" အဖြစ် ရီကျောက်ဆိပ်ကမ်း၏ စီးပွားရေးတွန်းအားသည် အမှန်တကယ် ရရှိလာသည့် GDP တိုးတက်မှုအဖြစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီဖြစ်ပါသည်။

တည်ထောင်ခဲ့သည်မှာ နှစ် ၄၀ ပင် မပြည့်သေးသည့် မြို့ငယ်လေးဖြစ်သော ရီကျောက်အတွက်မူ ၂၀၂၆ ခုနှစ်၏ နွေရာသီသည် အမှန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ချင်းတောင်း၊ ကျီးနန်တို့ကဲ့သို့ ဘီလီယံပေါင်းများစွာရှိသည့် ပမာဏများနှင့် နှိုင်းယှဉ်ပါက ရီကျောက်မြို့၏ "အရှိန်အဟုန်ဖြင့် ပြေးလွှားနိုင်မှု" မှာ ဝန်ပေါ့စွာဖြင့် ရှေ့သို့ တိုးထွက်လာသည့် ထိုးဖောက်မှုတစ်ခုနှင့် ပိုတူပါသည်။

စန်းတုန်းပြည်နယ်တွင် စက်မှုကဏ္ဍ၌ ကြီးမားခိုင်မာသော ဦးဆောင်မြို့ကြီးများ လိုအပ်ရုံတင်မကဘဲ သွက်လက်ထက်မြက်သည့် အရှိန်အဟုန်သစ်ပါသော မြို့ငယ်များကိုပါ လိုအပ်ကြောင်း ဤဖြစ်ရပ်က သက်သေပြလိုက်ပြီ ဖြစ်ပါသည်။

မထင်မရှား ဘဝမှ ထူးချွန်ထက်မြက်သည့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြင့် ရီကျောက်မြို့၏ မြင်သာလှသော မြင့်တက်လာမှုသည် စန်းတုန်းပြည်နယ်၏ စီးပွားရေး မောင်းနှင်အား အဟောင်းမှ အသစ်သို့ အသွင်ကူးပြောင်းမှုမှ ရရှိလာသော အောင်မြင်မှုများကို ပီပြင်စွာ ထင်ဟပ်ပြသနေပါသည်။

သတင်းအရင်းအမြစ် : San Li He

#စန်းတုန်းပြည်နယ် #ရီကျောက်မြို့ #သံမဏိ #MFN #MyanmarFutureNews

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)