来客网

(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) စတင်ဖွင့်လှစ်

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]

(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ဖွင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို နန်နင်းပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဦးညိုစော၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများက အဖွင့်မိန့်ခွန်း ပြောကြားကြပြီး (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ကို ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ဒုတိယသမ္မတ ဦးညိုစောက မိန့်ခွန်းပြောကြားရာတွင် China-ASEAN Expo ဟာ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးတဲ့ ပြပွဲတစ်ခုဖြစ်ရုံသာမက ယုံကြည်မှုတည်ဆောက်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရေး၊ နည်းပညာနဲ့ အတွေ့အကြုံများ ဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးတို့အတွက် အရေးပါတဲ့ စင်္ကြံတစ်ခုလည်း ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ASEAN-China Free Trade Area (ACFTA 3.0) မှာ ကဏ္ဍသစ်များဖြစ်တဲ့ ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး ကဏ္ဍများဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကို ပိုမိုဖွင့်လှစ်ပေးနိုင်သည့်အပြင် လွတ်လပ်မျှတပြီး စည်းမျဉ်းအခြေခံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်မှုကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ စွမ်းအင်၊ လျှပ်စစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု နည်းပညာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍများတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက်လည်း သဘောတူထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေပြီး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အာဆီယံ၏ အချက်အချာကျမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးရှိမှုတို့ပေါ် အခြေခံပြီး ဆက်လက်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတဟာ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကို အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားတဲ့ နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ ပဲခူးမြို့ (City Of Charm) ပြခန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားတဲ့ မြန်မာနိုင်ငံ ပြခန်းများနှင့် အာဆီယံနိုင်ငံ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံအနေဖြင့် ပြခန်းပေါင်း ၈၁ ခန်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် လက်ဝတ်ရတနာများကို ခင်းကျင်းပြသလျက်ရှိပြီး တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြခန်းစုစုပေါင်း ၁၀၀၀ ကျော်ခန့်ဖွင့်လှစ်ကာ နိုင်ငံအလိုက် ထွက်ကုန်များကို ခင်းကျင်းပြသလျက်ရှိပါတယ်။

ယခုအကြိမ် ပြပွဲ၏ စုစုပေါင်းပြခန်းဧရိယာမှာ စတုရန်းမီတာ ၁၇၀,၀၀၀ ခန့် ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ လုပ်ငန်းပေါင်း ၃,၄၀၀ ကျော် ပါဝင်ပြသနေရာ ယခင်အကြိမ်ထက် ပါဝင်သည့်လုပ်ငန်းအရေအတွက် ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ်တွင် ကုန်စည်ပြပွဲနှင့် ထိပ်သီးအစည်းအဝေးကို "၃.ဝ အခွင့်အလမ်းများကို အတူမျှဝေ၊ သာယာလှပသော လူနေမှုဘဝကို အတူဖန်တီး" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ် ပြပွဲ၏ အကြီးမားဆုံး ပြောင်းလဲမှုမှာ AI နည်းပညာကို ပထမဆုံးအကြိမ်အဖြစ် ပြပွဲတစ်ခုလုံး၏ အဓိက လိုင်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ပြပွဲ၏ AI ပြခန်းဧရိယာတွင် "AI သုံးစွဲသူများအတွက် သီးသန့်စင်တာ (AI Consumer Supermarket)" ကို ပထမဆုံးအကြိမ် ထည့်သွင်းကာ လူသုံးကုန် AI နည်းပညာဆိုင်ရာ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲများ၊ AI စမတ်မျက်မှန်၊ ဝတ်ဆင်နိုင်သော စမတ်ပစ္စည်းများ၊ လူနာပြုစုစောင့်ရှောက်ရေး စက်ရုပ်များ၊ အသံလေ့ကျင့်ရေး ဒီဂျစ်တယ်လူသားများစသည်တို့ကို ခင်းကျင်းပြသထားပြီး ပြသခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို တစ်နေရာတည်းတွင် ပြီးစီးနိုင်သော သုံးစွဲမှု အတွေ့အကြုံကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

ထို့အပြင် “AI Exhibition” အပြန်အလှန်ချိတ်ဆက်မှုဇုန်နှင့် မိတ်ဆက်ပွဲစင်မြင့်များမှတစ်ဆင့် ပြပွဲမတိုင်မီချိတ်ဆက်ပေးခြင်း၊ ပြပွဲအတွင်း လူကိုယ်တိုင်ဆွေးနွေးခြင်းနှင့် ပြပွဲအပြီး နောက်ဆက်တွဲဆောင်ရွက်ခြင်း စသည့် “တစ်နေရာတည်းအပြီး ဝန်ဆောင်မှု” ကို ပေးထားတယ်လို့လည်း သိရပါတယ်။

တရုတ်ပြည်တွင်းပြခန်းများတွင် နိုင်ငံတကာဦးဆောင်အဆင့်ရှိ “ထျန်းစူး-၁” (Tianzhu-1) ဂြိုဟ်တုကို ကမ္ဘာ့ပထမဆုံးအကြိမ် လူထုထံ ပြသခြင်း၊ တရုတ်နိုင်ငံ၏ ပထမဆုံး ဒုံးပျံပိုက်ကွန်ဖြင့် ပြန်လည်သိမ်းဆည်းရေး ကမ်းလွန်ပလတ်ဖောင်းပုံစံငယ် “Long March-10B”၊ ပထမဆုံး လေထု-မြေပြင်-အာကာသ ပေါင်းစပ် လေထုစောင့်ကြည့်ရေး ကိရိယာနှင့် တီထွင်မှုမူပိုင်ခွင့်များစွာရရှိထားသည့် ဦးနှောက်-ကွန်ပျူတာချိတ်ဆက် စမတ်အိပ်စက်ခြင်းအထောက်အကူပြု ကိရိယာ စသည့် အဆင့်မြင့်နည်းပညာနှင့် အသစ်ထုတ်လုပ်ထားသော ပစ္စည်းများကို ပြသထားပါတယ်။

အာဆီယံပြခန်းများတွင်လည်း ပါဝင်သည့်လုပ်ငန်းများသည် ရိုးရာစိုက်ပျိုးရေးနှင့် လက်မှုပညာမှသည် ဒီဂျစ်တယ်ဆက်သွယ်ရေး၊ စိမ်းလန်းစိုပြည်ရေးပတ်ဝန်းကျင်နှင့် AI စသည့် တန်ဖိုးမြင့်နယ်ပယ်များသို့ တိုးချဲ့လာကာ ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် “အာဆီယံနိုင်ငံများ၏ ဝယ်လိုအားပြခန်း” (ASEAN Countries’ Demand Exhibition Area) ကို တည်ဆောက်ထားပြီး အာဆီယံနိုင်ငံများ၏ သယ်ယူပို့ဆောင်ရေး၊ စမတ်ထောက်ပံ့ပို့ဆောင်ရေး၊ AI အသုံးချမှု၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍစုံမှ စီမံကိန်းနှင့် အသုံးချမှုဆိုင်ရာ လိုအပ်ချက်များကို စုစည်းပေးထားတယ်လို့ သိရပါတယ်။

ယခုနှစ် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ အလွန်အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး အကြောင်းမှာ ယခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် ၅ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သလို တရုတ်-အာဆီယံ ဘက်စုံဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) စတင်သည့်နှစ်လည်း ဖြစ်သည့်အပြင် တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ဗားရှင်း ၃.၀ (FTA 3.0) အဆင့်မြှင့်တင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အကောင်အထည်ဖော်မှုကို အရှိန်အဟုန်မြှင့်တင်ရမည့် အရေးကြီးသောနှစ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

#၂၃ကြိမ်မြောက်တရုတ်_အာဆီယံကုန်စည်ပြပွဲ #၂၃ကြိမ်မြောက်တရုတ်_အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး #CHINA_ASEANEXPO #MFN #MyanmarFutureNews

Photos – MOI, MWD, MFN

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)