ဟိုင်နန်ကျွန်းတစ်ကျွန်းလုံးကို သီးသန့်အကောက်ခွန်ကင်းလွတ်ဇုန်အဖြစ် စတင်လည်ပတ်ခဲ့ပြီး ခြောက်လကျော်အကြာတွင် ဟိုင်နန်ဒေသခံများသည် နိုင်ငံတကာပညာရေး၏ အကျိုးကျေးဇူးများကို စတင်ခံစားနေရပြီဖြစ်ပါသည်။လက်ရှိတွင် 'လီအန်း' အပြည်ပြည်ဆိုင်ရာပညာရေး ဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန် (Li'an International Education Innovation Pilot Zone) သို့ တရုတ်နှင့်ပြည်ပတက္ကသိုလ်ပေါင်း ၃၀ ဝင်ရောက်အခြေစိုက်ထားပြီး တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးအဖွဲ့အစည်းနှင့် အစီအစဉ် ၂၄ ခု ပို့ချခွင့်ရရှိထားကာ အဆင့်မြင့်အထူးပြုဘာသာရပ်ပေါင်း ၆၀ ကျော်ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
သို့သော် အကျိုးကျေးဇူးများမှာ ဟိုင်နန်ဒေသတစ်ခုတည်းတွင် ရပ်တန့်မနေပါ။ယခုနှစ် မေလတွင် တရုတ်ပညာရေးဝန်ကြီးဌာနသည် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးအဖွဲ့အစည်းနှင့်အစီအစဉ်ပေါင်း ၂၁၉ ခု၏ စာရင်းကို တစ်ပြိုင်နက်တည်း အတည်ပြုပေးခဲ့ပါသည်။လေ့လာဆန်းစစ်သူများ၏ထောက်ပြချက်အရ ဒါဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံးတိုးချဲ့မှုတစ်ခုဖြစ်ပြီး ယခင်နှစ် အလားတူကာလထက် တိုးချဲ့မှုပမာဏ နှစ်ဆနီးပါးရှိခဲ့ကြောင်း သိရပါသည်။
ဤအတည်ပြုချက် စာရင်းကို သေချာကြည့်ပါက စိတ်ဝင်စားဖွယ်ရာအပြောင်းအလဲများကို တွေ့နိုင်ပါသည်။
အထူးပြုဘာသာရပ်များ ပြောင်းလဲလာခြင်း - သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေးနှင့် ဆေးပညာဘာသာရပ်များသည် တရုတ်-ပြည်ပ ပညာရေးပူးပေါင်းဆောင်ရွက်မှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းအထိရှိလာပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်များမှာ အဓိကနေရာတွင် မရှိတော့ပါ။အဖွဲ့အစည်းအသစ်များကို ဉာဏ်ရည်တု (AI)၊ ဒေတာနှင့် အနာဂတ်နည်းပညာ အစရှိသည့် အမည်များဖြင့်တိုက်ရိုက်အမည်ပေးထားကြပါသည်။
ပါဝင်သည့်တက္ကသိုလ်များ ပြောင်းလဲလာခြင်း - ယခုအကြိမ် အတည်ပြုလိုက်သည့် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၁၃၃ ခုအနက် ၁၅ခုမှာ တရုတ်နိုင်ငံ၏ ထိပ်တန်း ‘985’ တက္ကသိုလ်များ ပါဝင်ဆောင်ရွက်ထားခြင်းဖြစ်ပြီး အသစ်တည်ထောင်သည့် အဖွဲ့အစည်း ၈၆ ခု အနက် ၆ ခုကို '985' ထိပ်တန်းတက္ကသိုလ်များက ပါဝင်တည်ထောင်ထားပါသည်။ပြည်ပမှ မိတ်ဖက်တက္ကသိုလ်များမှာလည်း လိဒ်စ် (Leeds)၊ လီဗာပူးလ် (Liverpool)၊ လန်ဒန်ကွင်းမေရီ (Queen Mary University of London) စသည့် QS ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက် ထိပ်တန်း ၁၅၀ ဝင် နာမည်ကြီးတက္ကသိုလ်များ ဖြစ်ကြပါသည်။
ပညာရေး ပထဝီဝင် အခင်းအကျင်း ပြောင်းလဲတိုးချဲ့လာခြင်း- ဟန်ဂေရီအပါအဝင် ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများ၏ ပါဝင်မှု မြင့်တက်လာပြီး ဥဇဘက်ကစ္စတန်၊ ကာဇက်စတန် စသည့် ဗဟိုအာရှနိုင်ငံများ ပထမဆုံးအကြိမ် ပါဝင်လာကာ "ပိုးလမ်းမ" (Belt and Road) သဘောတူညီချက်ဝင်နိုင်ငံများ ပညာရေးစင်မြင့်ထက်သို့ တက်လှမ်းလာကြပါသည်။
တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးသည် "ပြည်ပသို့ထွက်ခွာခြင်း" အတွက် အစားထိုးနည်းလမ်းတစ်ခု သက်သက်မဟုတ်တော့ဘဲ "ပြည်တွင်းသို့ဖိတ်ခေါ်ခြင်း" အတွက် နည်းဗျူဟာမြောက် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါသည်။
ကိန်းဂဏန်းများကလည်း ဤလားရာကို သက်သေပြနေပါသည်။လက်ရှိအချိန်ထိ ပညာရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိထားသည့် ဘွဲ့ကြိုနှင့်အထက် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့်ပညာရေးအဖွဲ့အစည်းနှင့် အစီအစဉ်ပေါင်း ၁,၇၀၀ ကျော်ရှိပြီး ပြည်ပတက္ကသိုလ်ပေါင်း ၁,၁၀၀ ကျော် ပါဝင်နေပါသည်။
ပိုမိုကြီးမားသော အချက်ပြမှုမှာ လူများ၏ စီးဆင်းမှုဖြစ်ပါသည်။တရုတ်ပညာရေးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးဦးစီးဌာန၏စာရင်းဇယားများအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၉၁ ခုမှ နိုင်ငံတကာကျောင်းသားပေါင်း ၃၈၀,၀၀၀ ကျော်သည် တရုတ်နိုင်ငံအတွင်းရှိ တက္ကသိုလ်၊သုတေသနအဖွဲ့အစည်းနှင့် အခြားပညာရေးဌာနပေါင်း ၁,၁၀၀ ကျော်၌ ပညာသင်ကြား၊သုတေသနပြု၊သင်တန်းတက်ရောက်ခဲ့ကြပြီး လွန်ခဲ့သည့် ပညာသင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။
ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေ ရှိနေပါသည်။ဥပမာအားဖြင့် ခွန်းရှန်းဒုခ်တက္ကသိုလ် (Duke Kunshan University) ၏၂၀၂၅ ခုနှစ်ဘွဲ့ကြိုကျောင်းသားခေါ်ယူမှုတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှ လျှောက်လွှာပေါင်း ၁၂,၀၀၀ နီးပါးရရှိခဲ့ရာ အပြည်ပြည်ဆိုင်ရာ လျှောက်လွှာ ၅,၈၈၂ စောင်ပါဝင်ပြီး ထက်ဝက်နီးပါးမှာ အမေရိကန်နိုင်ငံမှ ဖြစ်ပါသည်။
အလားတူ ဆွန်ယက်ဆင် တက္ကသိုလ် လင်နန်ကောလိပ် (Sun Yat-sen University, Lingnan College) သည် ယခုနှစ်တွင် ပထမဆုံး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော အပြည်ပြည်ဆိုင်ရာ ဘွဲ့ကြိုအစီအစဉ်ကို စတင်ခဲ့ပြီး "ပြောင်းပြန် 2+2" (Reverse 2+2) ပုံစံကို ကျင့်သုံးမည်ဖြစ်ပါသည်။ကျောင်းသားများသည် ပြည်ပတွင် ပထမ ၂ နှစ် တက်ရောက်ပြီးနောက် နောက်ဆုံး ၂ နှစ်ကို ဆွန်ယက်ဆင်တက္ကသိုလ်တွင် လာရောက်သင်ကြားရမည် ဖြစ်ပါသည်။
"2+2" အစီအစဉ်ချင်း တူညီသော်လည်း ဦးတည်ရာလမ်းကြောင်းက ပြောင်းလဲသွားခဲ့ပြီး ယခင်က တရုတ်ကျောင်းသားများ ပြည်ပသို့ ထွက်ခွာကြသော်လည်း ယခုအခါတွင်မူ နိုင်ငံတကာကျောင်းသားမျာ းတရုတ်နိုင်ငံသို့ ဝင်ရောက်လာကြပြီဖြစ်ပါသည်။
ပိုမိုနက်ရှိုင်းစွာ ကြည့်မည်ဆိုပါက ကမ္ဘာ့အဆင့်မြင့်ပညာရေး၏ ဗဟိုချက်မှာအ ရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာနေပါသည်။ Times Higher Education ၏၂၀၂၆ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်တွင် အာရှမှ တက္ကသိုလ်ပေါင်း ၉၂၉ ခု ပါဝင်လာပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်လာခဲ့ပါသည်။တရုတ်ပြည်မကြီးမှ တက္ကသိုလ် ၉၇ ခု ပါဝင်ခဲ့ပြီး ချင်းဟွာတက္ကသိုလ်က အဆင့် ၁၂ နှင့်ပီကင်းတက္ကသိုလ်က အဆင့် ၁၃ ဖြင့် အာရှတွင် စံချိန်တင် ဦးဆောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
အဆင့်သတ်မှတ်ချက် မြင့်တက်လာရခြင်း၏ အခြေခံအကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာစွမ်းအား ဆက်လက်မြင့်မားလာခြင်းကြောင့် ဖြစ်ပါသည်။ Hurun Report ၏ ဥက္ကဋ္ဌနှင့်သုတေသနအရာရှိချုပ် Hurun က တရုတ်တက္ကသိုလ်များ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ဆက်လက်မြင့်တက်လာနေပြီး စွမ်းအင်သစ်၊ အဆင့်မြင့်စက်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အဆင့်မြင့်ပစ္စည်းများ အပါအဝင် ထိပ်တန်းစက်မှုလုပ်ငန်း အများအပြားသည် ကမ္ဘာ့ဦးဆောင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Hurun ၏ အမြင်အရ တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးသည် တရုတ်နိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာ အမြင်ရှိသော အဆင့်မြင့်လူသားအရင်းအမြစ်များကို ပျိုးထောင်ပေးသည့် အရေးပါသော မဏ္ဍိုင်တစ်ခု ဖြစ်လာခဲ့ပါသည်။
ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ မဟာဗျူဟာမြောက် မူဝါဒ အစီအစဉ်များကို စောစီးစွာကတည်းက ရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ "၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" တွင် ပြည်ပမှ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များကို တရုတ်နိုင်ငံသို့ လာရောက်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပြီး "ပညာရေးသန်မာသည့် နိုင်ငံတည်ဆောက်ရေးစီမံကိန်း (၂၀၂၄-၂၀၃၅)" တွင်လည်း ကမ္ဘာ့သြဇာလွှမ်းမိုးမှုရှိသော အရေးပါသည့် ပညာရေးဗဟိုချက် တည်ဆောက်ရန် အဆိုပြုထားပါသည်။
တရုတ်သတင်းဌာနများ၏ ဖော်ပြချက်အရ တစ်ဖက်တွင် တရုတ်နိုင်ငံ၏ တံခါးများကို ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ထားချိန်၌ အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာတက္ကသိုလ်များမှာ ဘဏ္ဍာရေးဖိအားများပိုမိုကြီးမားလာနေကြောင်း သိရပါသည်။
ဗြိတိန် ကျောင်းသားရေးရာရုံး (OfS) က မကြာသေးမီက သတိပေးချက်ထုတ်ပြန်ခဲ့ရာတွင် ထိုနိုင်ငံ၏ အဆင့်မြင့်ပညာရေးဆိုင်ရာ ဘဏ္ဍာရေးမှာကြီးမားသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး သက်သာရာရစေမည့် အစီအမံများ မလုပ်ဆောင်ပါက၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ပေါင်း ၁၂၄ခု (၄၅ရာခိုင်နှုန်း) မှာ ဘဏ္ဍာရေးလိုငွေပြမှုနှင့် ရင်ဆိုင်ရမည်ဟု ဆိုပါသည်။ဟားဗားဒ်တက္ကသိုလ်ပင်လျှင် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်း လိုငွေပြခဲ့ရာ ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နှစ်စဉ်ဆုံးရှုံးမှု ဖြစ်ခဲ့ပါသည်။
အမေရိကန် "Open Doors Report" အချက်အလက်များအရ ၂၀၂၄/၂၅ ပညာသင်နှစ်တွင် အမေရိကန်သို့ သွားရောက်ပညာသင်ကြားသည့် တရုတ်ပြည်မကြီး ကျောင်းသားဦးရေမှာ ၂၆၅,၉၀၀ ဦးရှိပြီး ၅နှစ် ဆက်တိုက် လျော့နည်းလာခဲ့ရာ အမြင့်ဆုံးစံချိန်နှင့်နှိုင်းယှဉ်ပါက ၂၈ ဒသမ ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး ထိုသို့ လျော့နည်းသွားခြင်းမှာလည်း အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်လာပါသည်။
နိုင်ငံတကာတက္ကသိုလ်များအတွက် ငွေကြေးမလုံလောက်မှုမှာ ရေတိုစိုးရိမ်စရာမျှသာ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး ၎င်း၏နည်းပညာ၊ ပညာရေးနှင့် စက်မှုလုပ်ငန်းများ၏ အနာဂတ်တွင်ရင်းနှီးမြှုပ်နှံထားကြခြင်းမှာ ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက်တွက်ချက်မှု ဖြစ်လာပါသည်။
ဤတွန်းအားနှစ်ခု ဆုံစည်းသွားသောအခါ တရုတ်နိုင်ငံပညာရေး အဆင့်မြင့်မားစွာ တံခါးဖွင့်လှစ်မှုအတွက် တက်ကြွသောမဟာဗျူဟာမြောက်ပြင်ဆင်မှုတစ်ခုဖြစ်လာသလို စိန်ခေါ်မှုများကြားမှမဟာဗျူဟာမြောက်ရွေးချယ်မှုများဖြင့် ကမ္ဘာ့အဆင့်မြင့်ပညာရေး အခင်းအကျင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာပါသည်။
သတင်းအရင်းအမြစ် : San Li He
#နိုင်ငံတကာတက္ကသိုလ် #တရုတ်နိုင်ငံ #ပညာရေး #MFN #MyanmarFutureNews
MFN သတင်းများအားအောက်ပါLink များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram – https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)