၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နျူကလီးယားစွမ်းအင် ကဏ္ဍသည် ခိုင်မာသည့် စွမ်းဆောင်ရည် မှတ်တမ်းတစ်ခုကို ပြသနိုင်ခဲ့ပါသည်။ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ၏ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ (၂၀၂၆) အရ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး နျူကလီးယား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ ၄၈၅ ဒသမ ၂ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ်ထက် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ တစ်နိုင်ငံလုံး စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု၏ ၄ ဒသမ ၆ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေးမဟုတ်သော စွမ်းအင်သန့် ထုတ်လုပ်မှု၏ ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိပါသည်။ သာလွန်သည့် အချက်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ ပျမ်းမျှ လည်ပတ်ချိန်သည် ၇,၈၀၉ နာရီအထိ မြင့်တက်သွားပြီး ယခင်နှစ်ထက် ၁၂၆ နာရီ တိုးတက်လာခြင်း ဖြစ်ပါသည်။
ထို့ပြင် တရုတ်နိုင်ငံတွင် လည်ပတ်နေဆဲနှင့် တည်ဆောက်ရန် အတည်ပြုထားသော နျူကလီးယားဓာတ်အားပေးစက် စုစုပေါင်း ၁၁၂ ခုရှိပြီး တပ်ဆင်စွမ်းအား ၁၂၅ သန်းကီလိုဝပ်အထိရှိရာ စုစုပေါင်း ပမာဏမှာ ကမ္ဘာ့အဆင့် (၁) နေရာတွင် ရပ်တည်နေသကဲ့သို့ တည်ဆောက်ဆဲ ပမာဏမှာလည်း ကမ္ဘာ့အဆင့် (၁) နေရာကို ဆက်လက်ထိန်းသိမ်းထားပါသည်။
နျူကလီးယားဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်လာပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများပြားလာသည်နှင့်အမျှ “တရုတ်နိုင်ငံ၏ အမှန်တကယ် နံပါတ် (၁) နျူကလီးယားစွမ်းအင်ထုတ်လုပ်ရာ ပြည်နယ်မှာ မည်သည့်ပြည်နယ် ဖြစ်ပါသနည်း”၊ “တရုတ်နိုင်ငံသည် အဘယ်ကြောင့် နျူကလီးယားစွမ်းအင်ကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေသနည်း” ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာပါသည်။
စုစုပေါင်း ပမာဏအားဖြင့်ကြည့်လျှင် ကွမ်တုန်း (Guangdong) ပြည်နယ်သည် နျူကလီးယားစွမ်းအင် နယ်ပယ်တွင် အပြည့်အဝ အားသာချက်ရှိပြီး နှစ်စဉ် တစ်နိုင်ငံလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။ ဥပမာအားဖြင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ကွမ်တုန်း၏ နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ ၅၇ ဒသမ ၃၁ ဘီလီယံ အထိရှိပြီး တစ်နိုင်ငံလုံးတွင် ထိပ်ဆုံး၌ ရှိခဲ့ပါသည်။ ထိုတင်မကဘဲ ကွမ်တုန်းပြည်နယ်သည် နျူကလီးယား ဒီဇိုင်းရေးဆွဲခြင်း၊ စက်ပစ္စည်း ထုတ်လုပ်ခြင်း၊ အင်ဂျင်နီယာတည်ဆောက်ခြင်းမှသည် စက်ရုံလည်ပတ်ရေးအထိ ပြီးပြည့်စုံသော စက်မှုကွင်းဆက်တစ်ခုကို ဖန်တီးထားပြီး ဖြစ်ပါသည်။
မကြာသေးမီက နိုင်ငံတော်ကောင်စီ အမှုဆောင် အစည်းအဝေးတွင် ကွမ်တုန်း ထိုက်ဖိန်းလင်း (Taipingling) နျူကလီးယားစွမ်းအင် စီမံကိန်း အဆင့် (၃) ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး၊ ဒါဟာ လွန်ခဲ့သည့်နှစ်က ကွမ်တုန်း ထိုင်ရှန်း (Taishan) အပါအဝင် နျူကလီးယားစီမံကိန်း ၅ ခုကို ခွင့်ပြုခဲ့ပြီးနောက် နောက်ထပ် ခြေလှမ်းကြီးတစ်ခု ဖြစ်ပါသည်။ Daya Bay၊ Ling Ao၊ ယန်ကျန်း ၊ ထိုင်ရှန်း နှင့် ထိုက်ဖိန်းလင်း စသည့် နျူကလီးယား အခြေစိုက်စခန်းများသည် ကွမ်တုန်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် တန်းစီတည်ရှိနေပြီး နျူကလီးယား စွမ်းအင် စင်္ကြံကြီးတစ်ခုအဖြစ် ပုံပေါ်နေပါသည်။
စက်ရုံသစ်များ အသီးသီး စတင်လည်ပတ်လာသည်နှင့်အမျှ အနာဂတ်တွင် ကွမ်တုန်း၏ နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ ၂၀၀ ဘီလီယံ ကျော်လွန်လာမည်ဟု ခန့်မှန်းရပါသည်။ ထိုအချိန်ကျလျှင် နျူကလီးယားစွမ်းအင် တစ်ခုတည်းဖြင့်ပင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသကြီး (GBA) ၏ တိုးတက်လာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက် ထက်ဝက်ခန့်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ရာ အထူးသဖြင့် လျှပ်စစ်ဓာတ်အား အမြောက်အမြား သုံးစွဲသည့် AI လေ့ကျင့်ရေး စင်တာများနှင့် ဒေတာစင်တာများအတွက် မီးပျက်ခြင်း သို့မဟုတ် ဓာတ်အားခွဲတမ်းဖြင့် သုံးစွဲရခြင်း စသည့် စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်တော့မည် ဖြစ်ပါသည်။
သို့သော် ဒေသတွင်း ပါဝင်မှုရာခိုင်နှုန်းဖြင့် တိုင်းတာမည်ဆိုပါက ဖူကျန့် (Fujian) ပြည်နယ်သည် အမှန်တကယ် ပုန်းကွယ်နေသော ချန်ပီယံ ဖြစ်ပါသည်။ အထက်ပါ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာန၏ အစီရင်ခံစာအရ ဖူကျန့်ပြည်နယ်၏ နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ပြည်နယ်တစ်ခုလုံး စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု၏ ၂၈ ဒသမ ၁ ရာခိုင်နှုန်း အထိရှိပြီး တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်ပါသည်။ လျောင်နင်း (Liaoning)၊ ဟိုင်နန် (Hainan) နှင့် ကွမ်တုန်း ပြည်နယ်တို့တွင်မူ ၂၀ ဒသမ ၉ ရာခိုင်နှုန်း ၊ ၁၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် ၁၆ ဒသမ ၉ ရာခိုင်နှုန်း သာ အသီးသီး ရှိပါသည်။ ဆိုလိုသည်မှာ ဖူကျန့်ပြည်နယ်တွင် သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ၃ ယူနစ်တိုင်း၌ ၁ ယူနစ်နီးပါးမှာ နျူကလီးယားစွမ်းအင်မှ လာခြင်းဖြစ်ပါသည်။
နင်းသယ် (Ningde)၊ ဖူချင်း (Fuqing) နှင့် ကျန်းကျိုး (Zhangzhou) စသည့် နျူကလီးယား အခြေစိုက်စခန်းများ၏ အားဖြည့်ပေးမှုကြောင့် နျူကလီးယားစွမ်းအင်သည် ဖူကျန့်၏ စွမ်းအင်ဖွဲ့စည်းပုံတွင် မရှိမဖြစ် လိုအပ်သော ပင်မဒေါက်တိုင် ဖြစ်လာခဲ့ပါသည်။
ကွမ်တုန်း၏ စုစုပေါင်း ထုတ်လုပ်မှုပမာဏ ပထမ ရရှိမှုဖြစ်စေ၊ ဖူကျန့်၏ ပါဝင်မှုရာခိုင်နှုန်း ပထမ ရရှိမှုဖြစ်စေ၊ ယင်းတို့၏ နောက်ကွယ်တွင် ထင်ဟပ်နေသည်မှာ တရုတ်နိုင်ငံ နျူကလီးယားစွမ်းအင် စက်မှုကဏ္ဍ၏ ဘက်ပေါင်းစုံမှ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှုကို ပြသနေပါသည်။
တွက်ချက်မှုများအရ ၂၀၂၅ ခုနှစ်တွင် နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ပုံမှန်ကျောက်မီးသွေး တန်ချိန် ၁၄၈ သန်းကို အစားထိုးနိုင်ခဲ့ပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တန်ချိန်ပေါင်း ၃၈၇ သန်း လျှော့ချပေးနိုင်ခဲ့ပါသည်။ တည်ဆောက်ဆဲ နျူကလီးယား စီမံကိန်းအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၆၁ ဘီလီယံခန့် ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ နျူကလီးယား လျှပ်စစ်ရောင်းချမှု ဝင်ငွေမှာ ယွမ် ၁၇၂ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ ကလီးယားဓာတ်အားပေးစက် တစ်လုံးလျှင် တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ရောင်းချရမှု ဝင်ငွေ ယွမ် ၂ ဒသမ ၉ ဘီလီယံခန့်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ဝင်ငွေ ယွမ် ၈ သန်းနီးပါး ရှိပါသည်။
ကမ္ဘာ့အဆင့်အတိုင်းအတာဖြင့် ကြည့်ပါက တရုတ်နိုင်ငံတင်မကဘဲ ဥရောပ၊ အမေရိက နိုင်ငံများနှင့် အာရှမှ အိန္ဒိယ၊ ဗီယက်နမ်တို့ပင်လျှင် နျူကလီးယားစွမ်းအင်ကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေကြပါသည်။ ယခုနှစ် ဇွန်လတွင် ဆွီဒင်၏ အကြီးဆုံး လျှပ်စစ်ဓာတ်အားလုပ်ငန်း Vattenfall Group က ဆွီဒင်အနောက်တောင်ပိုင်းတွင် အသင့်တပ်ဆင်နိုင်သော အသေးစား နျူကလီးယား ဓာတ်အားပေးစက် (Small Modular Reactor - SMR) ၃ ခု တည်ဆောက်ရန် ဗြိတိန်ကုမ္ပဏီတစ်ခုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ရာ ဒါဟာ နှစ်ပေါင်း ၄၀ ကျော်အကြာတွင် နျူကလီးယားဓာတ်အားပေးစက်များ ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါသည်။
ပြင်သစ်အပါအဝင် နိုင်ငံ ၂၂ နိုင်ငံမှ ပူးတွဲစတင်ခဲ့သည့် နျူကလီးယားစွမ်းအင် ၃ ဆတိုးမြှင့်ရေး ကြေညာစာတမ်းတွင် ၃၈ နိုင်ငံအထိ ပါဝင်လာခဲ့ပြီး၊ ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာ့နျူကလီးယားစွမ်းအင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိမ်းလန်းသောစွမ်းအင်သို့ ပြောင်းလဲရေးအတွက် အားကောင်းသော မောင်းနှင်အားကို ထည့်သွင်းပေးခဲ့ပါသည်။
ကမ္ဘာတစ်ဝန်း နျူကလီးယားစွမ်းအင်ကို ပြန်လည်ဦးစားပေးလာရသည့် နောက်ကွယ်မှ နက်ရှိုင်းသော အကြောင်းအရင်းမှာ AI ခေတ်တွင် တစ်ဟုန်ထိုး မြင့်တက်လာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်လည်း ဖြစ်ပါသည်။ "AI ၏ အဆုံးသတ်သည် လျှပ်စစ်ဓာတ်အား ဖြစ်သည်" ဆိုသည်မှာ နောက်ပြောင်မှု မဟုတ်ပေ။
အမေရိကန်တွင် နည်းပညာကုမ္ပဏီကြီးများသည် နျူကလီးယားစွမ်းအင်ဘက်သို့ ဦးလှည့်လာကြကာ မိုက်ခရိုဆော့ဖ် (Microsoft) သည် သုံးမိုင်ကျွန်း (Three Mile Island) နျူကလီးယားဓာတ်အားပေးစက်ရုံကို ပြန်လည်စတင်ရန် နှစ် ၂၀ စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး၊ Google သည် အသင့်တပ်ဆင်နိုင်သော အသေးစား နျူကလီးယား ဓာတ်အားပေးစက် (SMR) ၇ ရုံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် တိုက်ရိုက် စာချုပ်ချုပ်ဆိုခဲ့ပါသည်။
AI က ရိုက်ခတ်လိုက်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် လှိုင်းလုံးကြီးသည် ကမ္ဘာ့စွမ်းအင် အခင်းအကျင်းကို ပြန်လည်ပုံဖော်နေပြီး ဤကမ္ဘာလုံးဆိုင်ရာ "AI + နျူကလီးယားစွမ်းအင်" လှိုင်းလုံးကြီးထဲတွင် တရုတ်နိုင်ငံသည်လည်း ပါဝင်လျက်ရှိပါသည်။
သတင်းအရင်းအမြစ် : San Li He
#နျူကလီးယားစွမ်းအင် #လျှပ်စစ် #AI #SMR #MFN #MyanmarFutureNews
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)