လွန်ခဲ့တဲ့ရက်ပိုင်းက ရေပန်းစားနေတဲ့ သတင်းခေါင်းစဉ်တွေကို ပေကျင်းရဲ့ ပွဲစဉ်နှစ်ခုက လွှမ်းမိုးထားခဲ့ပါတယ်။ တစ်ဖက်မှာ အဆိုတော် နာယင်း (Na Ying) ရဲ့ ဂီတဖျော်ဖြေပွဲက ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပြီး လက်မှတ် ၆ မျိုးစလုံး စတင်ရောင်းချတာနဲ့ ကုန်သွားခဲ့ကာ အနီးနားရှိ စီးပွားရေးဇုန်တွေပါ ဆိုင်ဖွင့်ချိန် တိုးမြှင့်ခဲ့ရပြီး လူအများအပြား ရောက်ရှိလာမှုနဲ့အတူ သုံးစွဲမှုပါ မြင့်တက်လာခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ပေကျင်း ယီကျွမ်း (Yizhuang) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရိုဘော့ညီလာခံက ၅ ရက်ဆက်တိုက် ပြသခဲ့ပြီး လူဦးရေ ၅ သိန်းခွဲကျော် လာရောက်ကြည့်ရှုခဲ့ကာ ရိုဘော့နဲ့ ဆက်စပ်နည်းပညာထုတ်ကုန် ပစ္စည်းပေါင်း ၁ သိန်း ၄ သောင်းကျော် ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် အဆင့်မြင့်နည်းပညာတွေကို သာမန်လူတွေရဲ့ အပန်းဖြေမှု၊ ဓာတ်ပုံရိုက်ကူးမှု၊ အပြန်အလှန်ထိတွေ့မှုနဲ့ သုံးစွဲမှုတို့နဲ့ ပေါင်းစပ်ပေးနိုင်ခဲ့ပါတယ်။
ပွဲနှစ်ခုလုံးဟာ တစ်ခုက ခံစားချက်ကိုအခြေခံပြီး အခြားတစ်ခုက နည်းပညာကို ပြသထားတာကြောင့် မသက်ဆိုင်ဘူးလို့ ထင်ရပေမဲ့ စားသုံးသူတွေကို အိမ်ထဲကနေ ထွက်လာစေပြီး ပျော်ရွှင်စရာအတွေ့အကြုံတွေအတွက် လိုလိုလားလား ပိုက်ဆံသုံးစွဲလာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဘုံရည်မှန်းချက်တစ်ခုကိုတော့ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး သုံးစွဲမှုအပိုင်းနဲ့ ပတ်သက်လို့ ပြည်တွင်းမြို့ကြီးတော်တော်များများဟာ "လူတွေကို အိမ်အပြင်ထွက်ချင်လာအောင် ဘယ်လိုလုပ်မလဲ၊ အိမ်အပြင်ထွက်လာသူတွေကို ပိုက်ဆံသုံးချင်လာအောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ စဉ်းစားနေခဲ့ကြတာပါ။
ဒါအတွက် ပေကျင်းဟာ လွန်ခဲ့တဲ့ "Super Weekend" မှာ ဝန်ဆောင်မှုပေးသူဘက်ကနေ လူတွေ လာရကျိုးနပ်ပြီး ပိုက်ဆံထုတ်သုံးရကျိုးနပ်မယ့် အရာတွေကို ဖန်တီးပေးခြင်းဖြင့် ကောင်းမွန်တဲ့ အဖြေတစ်ခုကို ပေးခဲ့ပါတယ်။
ဟိုယခင်က သုံးစွဲမှုလို့ ပြောလိုက်ရင် ပစ္စည်းတစ်ခုဝယ်၊ အိတ်နဲ့ထည့်ပြီး ပြန်လာတာကိုပဲ မြင်ကြပါတယ်။ သို့သော် ယနေ့ခေတ်တွင်မူ လူအများ ဝယ်ယူနေကြသည်မှာ ပစ္စည်းတစ်ခုတည်း မဟုတ်တော့ဘဲ ဖန်တီးထားသည့် ပတ်ဝန်းကျင်အပြင်အဆင်၊ အတွေ့အကြုံနဲ့ ခံစားချက်တွေကိုပါ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
နာယင်းရဲ့ ဂီတပွဲမှာ လူပေါင်းသောင်းချီ သီချင်းအတူတူဆိုကြတာဟာ လူငယ်ဘဝ အမှတ်တရတွေကို ဝယ်ယူတာဖြစ်ပြီး စက်ရုပ်တွေက သင့်ရှေ့မှာ အစားအသောက်လုပ်ပြနေတာကို ကြည့်ရတာဟာ စူးစမ်းချင်စိတ်ကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။
ဒီလိုအတွေ့အကြုံတွေကို အွန်လိုင်းကနေ ခံစားလို့မရသလို အိမ်ကိုလည်း အမြန်ချောပို့နဲ့ ပို့ပေးလို့မရပါဘူး။ အိမ်ပြင်ထွက်ရမယ်၊ ပွဲစဉ်နေရာကို ရောက်ရမယ်၊ အဲဒီပတ်ဝန်းကျင်ထဲမှာ ကိုယ်တိုင် မဖြစ်မနေ ရောက်နေရမှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ "မြို့တော် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရန် တရုတ်ကွန်မြူနစ်ပါတီ ပေကျင်းမြို့တော်ကော်မတီနှင့် ပေကျင်းမြို့တော် ပြည်သူ့အစိုးရ၏ သဘောထားမှတ်ချက်" ထဲမှာ အရေးကြီးတဲ့ စကားတစ်ခွန်း ပါရှိပါတယ်။ ယင်းမှာ "ယဉ်ကျေးမှု၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ အားကစားနှင့် ပြပွဲများ ပေါင်းစပ်မှုကို နက်ရှိုင်းစွာ တွန်းအားပေးပြီး သုံးစွဲမှု အခင်းအကျင်းအသစ်များကို ဖန်တီးရန်" ဆိုတာပဲ ဖြစ်ပါတယ်။
ဒါကို အသေးစိတ် ခွဲခြားစိစစ်ကြည့်ပါက ယဉ်ကျေးမှု၊ စီးပွားရေး၊ ခရီးသွား၊ အားကစား၊ ပြပွဲ ဆိုတဲ့ အချက် ၅ ချက်ကို အမျိုးမျိုး ပေါင်းစပ်လိုက်တာနဲ့ပဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး စုံလင်ကွဲပြားတဲ့ သုံးစွဲမှုအခင်းအကျင်း ကွန်ရက်တစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပေကျင်းမြို့အတွက်ဆိုလျှင် နေရာအနှံ့အပြားမှာ ရှိနေတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ ပြတိုက်တွေ၊ တစ်နှစ်ကို ပွဲပေါင်း ၆ သောင်းကျော် ကျင်းပနေတဲ့ "ဖျော်ဖြေရေးမြို့တော်" ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ကြီးမားတဲ့ နည်းပညာစက်မှုလုပ်ငန်းတို့ဟာ ပင်ကိုယ်ရှိပြီးသား အားသာချက်တွေ ဖြစ်ပါတယ်။
အမျိုးသားအဆင့် သုံးစွဲမှုပုံစံအသစ်နှင့် အခင်းအကျင်းအသစ်များ၏ စမ်းသပ်မြို့တော်အဖြစ် ပေကျင်းရဲ့ အမှန်တကယ် ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံမှုနဲ့ တက်ကြွစွာ ဝန်ဆောင်မှုပေးမှုတို့ကြောင့် သုံးစွဲမှု အခြေအနေဆိုင်ရာ စာရင်းဟာ တစ်စထက်တစ်စ ပိုမိုရှည်လျားလာခဲ့ပါတယ်။
နွေရာသီနန်းတော် (Summer Palace) ထဲမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပစ္စည်းတွေ ပြုလုပ်ခြင်း၊
ရှိုဂန်ဥယျာဉ် (Shougang Park) ရဲ့ သိပ္ပံကမ္ဘာထဲကို မိမိကိုယ်တိုင် အမှန်တကယ် ရောက်ရှိသွားသလို ခံစားရမည့် အတွေ့အကြုံများ၊ လျန်မာမြစ် (Liangma River) တစ်လျှောက် ညဘက် လှေစီးလည်ပတ်မှု စတဲ့ လှုပ်ရှားမှု တစ်ခုချင်းစီဟာ လူများ အိမ်ပြင်ထွက်ပြီး လာရောက်လည်ပတ်စေသည့် ဆွဲဆောင်မှု တံခါးပေါက် များဖြစ်ပြီး ထိုတံခါးပေါက်တိုင်းရဲ့ နောက်ကွယ်မှာ အဆင့်ဆင့်သော သုံးစွဲမှု ကွင်းဆက်များ ရှိနေပါတယ်။ ဒီအချက်များကို အချင်းချင်း ချိတ်ဆက်လိုက်တဲ့အခါ ရောက်ရှိလာတဲ့ 'လူစီးဆင်းမှု' ကို အမှန်တကယ် 'ငွေသားစီးဆင်းမှု' အဖြစ်သို့ ပြောင်းလဲပေးတဲ့ အပြည့်အဝ လည်ပတ်သော စက်ဝန်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
ပေကျင်းရဲ့ စမ်းသပ်မှုဟာ တစ်ခုတည်းသော ဥပမာတော့ မဟုတ်ပါဘူး။ ဒီနှစ်ပိုင်းတွေမှာ ပြည်တွင်းက မြို့အမြောက်အမြားဟာ သုံးစွဲမှုစွမ်းအားကို နိုးကြားလာစေဖို့ မိမိတို့ရဲ့ ကိုယ်ပိုင်ထူးခြားချက်တွေနဲ့ ပေါင်းစပ်ပြီး နည်းလမ်းရှာဖွေနေကြပါတယ်။
ဥပမာ ထျန်းကျင်း (Tianjin) က "ဟာသနဲ့ ပျော်ရွှင်မှုတွေပြည့်နေတဲ့ Tianjin မြို့” ဆိုတဲ့ အမှတ်တံဆိပ်ကို အပြည့်အဝ အသုံးချပြီး ပြက်လုံးပြောယဉ်ကျေးမှု၊ အနောက်တိုင်းစတိုင် အဆောက်အအုံများနှင့် ဟိုင်ဟဲမြစ်ရှုခင်းတို့ကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားပါတယ်။ ကိုယ်တိုင်ပါဝင် ခံစားရသော သရုပ်ဖော် ဖျော်ဖြေပွဲများ၊ ညဈေးတန်းများနှင့် တံဆိပ်တုံးထု၍ လည်ပတ်သည့် ကစားနည်းအသစ်များမှတစ်ဆင့် လူငယ်မျိုးဆက်သစ်တွေရဲ့ သုံးစွဲမှုအလေ့အထနဲ့ ကွက်တိကိုက်ညီအောင် ဖန်တီးထားပါတယ်။
ရှီအန်း (Xi'an) မြို့ဟာ နှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှု IP ကို ကိုယ်တိုင်ပါဝင် ခံစားလို့ရပြီး သုံးစွဲလို့ရတဲ့ "မြို့တော်ဇာတ်ညွှန်း" အဖြစ် ပြောင်းလဲကာ ခရီးသွားတွေကို "ဧည့်ခံပွဲတစ်ခုအတွက်နဲ့ မြို့တစ်မြို့ဆီ သွားရောက်ဖို့" လိုလိုလားလား ဖြစ်စေခဲ့ပါတယ်။
ဆူးကျိုး (Suzhou) မြို့ဟာလည်း ယဉ်ကျေးမှုအနှစ်သာရကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ပြီး "ရုပ်ရှင် + ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်" ပေါင်းစပ်ထားတဲ့ သုံးစွဲမှု အခင်းအကျင်းများကို မိတ်ဆက်ခဲ့ပါတယ်။ ရုပ်ရှင် IP ကို အသုံးပြု၍ ရုပ်ရှင်ရုံများ၊ လမ်းကြားများ၊ ဒြပ်မဲ့ယဉ်ကျေးမှု အနုပညာအလုပ်ရုံများကို ချိတ်ဆက်ကာ ကိုယ်တိုင် ပါဝင်ခံစားရသည့် လေ့လာရေး ခရီးစဉ်များနှင့် ဓာတ်ပုံရိုက် လည်ပတ်မှုဆိုင်ရာ သုံးစွဲမှု လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ဒီလို သုံးစွဲမှုနည်းလမ်းအသစ်တွေရဲ့ ပင်မသဘောတရားကတော့ မြို့တစ်မြို့ဟာ ရိုးရာစူပါမားကတ်တွေနဲ့ ဆိုင်ခွဲတွေရဲ့ အခြေခံသုံးစွဲမှုအပေါ်မှာပဲ မှီခိုမနေတော့ဘဲ မိမိတို့ရဲ့ စက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ ဂေဟစနစ် အရင်းအမြစ်တွေကို အခြေခံပြီး သီးသန့်ထူးခြားတဲ့ အခင်းအကျင်းတွေကို တည်ဆောက်ကာ "အထူးတလည် သွားရောက်ရကျိုးနပ်စေမယ့်" ထိပ်တန်းအတွေ့အကြုံတွေနဲ့ သုံးစွဲလိုစိတ်ကို နှိုးဆွပေးတာ ဖြစ်ပါတယ်။
မြို့တစ်မြို့ရဲ့ စားသုံးသူဈေးကွက် သုံးစွဲမှု အရှိန်အဟုန်ဆိုတာ စနေ၊ တနင်္ဂနွေ အားလပ်ရက် တစ်ခုတည်းမှာ လုပ်ခဲ့တဲ့ ပွဲအနည်းငယ်နဲ့တင် အပြည့်အဝ ထောက်ကူပေးနိုင်တာမဟုတ်ပေမဲ့ ပေကျင်းရဲ့ ဒီ "Super Weekend" ကတော့ အနည်းဆုံး အချက်တစ်ချက်ကို သက်သေပြလိုက်တာပါပဲ။ ဒါကတော့ ဝန်ဆောင်မှုပေးသူ (Supply side) ဘက်က မှန်ကန်တဲ့ အရာတွေကို စဉ်ဆက်မပြတ် ဖန်တီးပေးနေသမျှ ကာလပတ်လုံး စားသုံးသူတွေဘက်ကလည်း တိုက်ရိုက်အကျဆုံးနဲ့ အနွေးထွေးဆုံး တုံ့ပြန်မှုကို ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။
သတင်းအရင်းအမြစ် : San Li He
#ပေကျင်း #သုံးစွဲမှု #စီးပွားရေး #အခင်းအကျင်းသစ် #MFN #MyanmarFutureNews
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN
评论 (0)