来客网

ကားများကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်စွမ်း ပြိုင်ဆိုင်သည့်ခေတ်သို့ ရောက်ရှိလာ

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]


ယနေ့ခေတ်၌ ပြည်ပသို့ မော်တော်ကား တင်ပို့ရောင်းချရာတွင် ကားထုတ်လုပ်နိုင်စွမ်း တစ်ခုတည်းသာ မကဘဲ ပင်လယ်ရေကြောင်းပို့ဆောင်နိုင်စွမ်းပါ ပြိုင်ဆိုင်နေရပြီဖြစ်ပါသည်။

စွမ်းအင်သစ်သုံး (လျှပ်စစ်) ကားများပြည်ပသို့ အရှိန်အဟုန်မပျက် တင်ပို့နေရချိန်တွင် ကားထုတ်လုပ်သူများအနေဖြင့် "ကားတင်ပို့မည့် သင်္ဘောမလုံလောက်ခြင်း" ဆိုသည့် လက်တွေ့ကျသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

တရုတ်မော်တော်ကား စက်မှုလုပ်ငန်းအသင်း၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်းတရုတ်နိုင်ငံမှ ကားတင်ပို့မှုမှာ ၅ ဒသမ ၀၉၆ သန်းအထိရှိခဲ့ပြီး မနှစ်ကထက် ၆၅ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။

လုပ်ငန်းရှင်များ၏ ခန့်မှန်းချက်အရ ၂၀၂၆ တစ်နှစ်လုံးတွင် တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် ၁၀ သန်းအထိစံချိန်တင် ရောက်ရှိလာနိုင်သည်ဟု ဆိုပါသည်။သို့သော် ၂၀၂၀ ပြည့်နှစ်က တရုတ်နိုင်ငံ၏ တစ်နှစ်လုံးကားတင်ပို့မှုမှာ ၁ သန်းဝန်းကျင်သာ ရှိခဲ့ရာ နှစ်အနည်းငယ်အတွင်း တင်ပို့မှုပမာဏမှာ ၁၀ ဆနီးပါးမြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကားများ အရောင်းသွက်နေသော်လည်း "မည်သို့ ပို့ဆောင်မည်နည်း" ဆိုသည်မှာ ပြဿနာတစ်ခုဖြစ်လာပါသည်။ Wall Street Journal ၏ လတ်တလော အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ ကားတင်ပို့မှုလိုအပ်ချက်ကြောင့် ကားများကို သမုဒ္ဒရာဖြတ်၍ သယ်ယူပေးသည့် အထူးပြု Ro-Ro သင်္ဘော (Roll-on/Roll-off ship) ဝန်ဆောင်မှုမှာ ပိုမိုပြတ်လပ်လာကြောင်းနှင့် သင်္ဘောအချို့၏ ကုန်တင်နေရာများကို နှစ်အတော်ကြာကြိုတင် Booking ယူထားကြရကြောင်း ဖော်ပြထားပြီး၂၀၂၆ ခုနှစ်တွင် ယင်း Ro-Ro သင်္ဘောများ၏ ငှားရမ်းခမှာ ၆၅ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါသည်။

ကုန်တင်နေရာ မည်မျှအထိ ရှားပါးနေသနည်းဆိုလျှင် အချို့ သင်္ဘောလိုင်းကုမ္ပဏီများသည် ပို့ဆောင်နိုင်စွမ်းမပြတ်တောက်စေရန် သက်တမ်းနှစ် ၂၀ ရှိပြီဖြစ်သော သင်္ဘောဟောင်းများကိုပင် ငွေကုန်ကြေးကျခံကာ ကြိုတင်စာချုပ်ချုပ်ထားကြပြီး အချို့ ကားကုမ္ပဏီများမှာ မူကုန်တင်နေရာကို မစောင့်နိုင်တော့သဖြင့် ပို့ဆောင်ခစရိတ်ပိုကြီးသည့် ကွန်တိန်နာများထဲသို့ ကားများကို ထည့်သွင်းကာပြည်ပသို့ တင်ပို့နေကြရပါသည်။

ကမ္ဘာ့ဈေးကွက် သုတေသနအဖွဲ့အစည်းဖြစ်သည့် “Business Research Insights” ၏ သြဂုတ်လ ထုတ်ပြန်ချက်အရ ကမ္ဘာ့ မော်တော်ကားတင်ပို့သည့် Ro-Ro သင်္ဘောရေကြောင်း ဈေးကွက်၏ ၂၀၂၆ ခုနှစ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၃ ဘီလီယံခန့် ရှိပြီး ၂၀၃၅ ခုနှစ်တွင် ၂၄ ဒသမ ၄၁ ဘီလီယံအထိရောက်ရှိမည်ဟု မျှော်မှန်းထားကာ တရုတ်နှင့် အာရှမှ လိုအပ်ချက်များသည် အဓိက မောင်းနှင်အား ဖြစ်လာမည်ဖြစ်ပါသည်။

မော်တော်ကားများကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အဘယ်ကြောင့် ခက်ခဲနေရသနည်းဆိုလျှင် ယခင်ကတည်းက မော်တော်ကား ပင်လယ်ရေကြောင်း ပို့ဆောင်ရေးသည် အထူးပြု Ro-Ro သင်္ဘောများအပေါ် အလွန်အမင်း အမှီပြုထားရသော်လည်း ကမ္ဘာ့သင်္ဘော စုစုပေါင်းတွင် ယင်း Ro-Ro သင်္ဘောများ ပါဝင်သည့် ရာခိုင်နှုန်းမှာ မူလကတည်းက နည်းပါးလှပါသည်။ ထို့အပြင် လွန်ခဲ့သော ကာလများက မော်တော်ကား ရေကြောင်းပို့ဆောင်ရေး ဈေးကွက်ကို ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများက အဓိက စိုးမိုးထားခဲ့ကြပါသည်။

တရားဝင် အစီရင်ခံစာများအရ ကမ္ဘာ့ မော်တော်ကားနှင့် ကုန်တင်ကားတင်ပို့သည့် သင်္ဘောပိုင်ရှင် နိုင်ငံများစာရင်းတွင် ဂျပန်၊ နော်ဝေနှင့် တောင်ကိုရီးယားနိုင်ငံတို့က ကမ္ဘာ့ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားကြပါသည်။ယင်းအနက် ဂျပန်နိုင်ငံသည် ကားတင် Ro-Ro သင်္ဘော စုစုပေါင်းအစင်း ၃၀၀ ကျော် ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် Ro-Ro သင်္ဘောတင်ပို့နိုင်စွမ်း အများဆုံး နိုင်ငံဖြစ်ပါသည်။

ရေရှည် သဘောတူစာချုပ်ဖြင့် ကုန်တင်နေရာအများစုကို Toyota နှင့် Volkswagen စသည့် ဝယ်သူများက ကြိုတင် ရယူထားကြရာ တရုတ် ကားကုမ္ပဏီများသည် ကြားထဲမှ ပေါ်လာသည့် "စိန်ခေါ်သူ" များဖြစ်သဖြင့် ကျန်ရှိသော ကုန်တင်နေရာ အပိုင်းအစများကိုသာ လုယူနေရပြီး ပင်မ စီမံခန့်ခွဲခွင့်ကို မရရှိခဲ့ကြပေ။ ထို့ကြောင့် ပို့ဆောင်ရေးစွမ်းအားကို မိမိတို့ လက်ဝယ်တွင် ရောက်ရှိအောင် ဆောင်ရွက်ခြင်းသည် တရုတ် စွမ်းအင်သစ်သုံး ကားများ ပြည်ပသို့ တင်ပို့ရာတွင် မဖြစ်မနေဖြေရှင်းရမည့် ပြဿနာဖြစ်လာခဲ့ပါသည်။

သို့သော် သင်္ဘောတည်ဆောက်ရေးပိုင်းသည် တရုတ်နိုင်ငံအတွက် မခက်ခဲသောကိစ္စဖြစ်ပြီး တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းဈေးကွက်ဝေစုသည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ ပထမနေရာတွင် ရပ်တည်နေခဲ့ကာ ခိုင်မာသော နည်းပညာအခြေခံနှင့် ပြည့်စုံသော ထုတ်လုပ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါသည်။တရုတ် ပြည်တွင်းကားကုမ္ပဏီများနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း ပင်ကိုယ် အားသာချက်များ ရှိနေပါသည်။

ပြင်သစ် ရေကြောင်းဒေတာ အဖွဲ့အစည်းဖြစ်သည့် AXSMarine ၏ စာရင်းဇယားများအရ ၂၀၂၃ မှ ၂၀၂၈ ခုနှစ်အထိ ကမ္ဘာအနှံ့ လွှဲပြောင်းပေးအပ်ပြီး သို့မဟုတ် လွှဲပြောင်းပေးရန် လျာထားသည့် မော်တော်ကားတင် သင်္ဘော ၂၇၆ စင်းအနက် ၂၁၉ စင်း ( ၇၉ ဒသမ ၄ ရာခိုင်နှုန်း) ကို တရုတ် သင်္ဘောကျင်းများက တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ပို့ဆောင်ရေးအခက်အခဲကြုံတွေ့ခဲ့ရသော ကားကုမ္ပဏီများစွာသည် ကြိုတင် ပြင်ဆင်မှုများပြုလုပ်လာကြပြီး ယင်းအနက် ပြည်တွင်းမော်တော်ကား ထုတ်လုပ်သူအချို့သည် ပို့ဆောင်ရေးစွမ်းအားကို အထောက်အကူပြုနိုင်ရန် "ကိုယ်ပိုင် ရေယာဉ်စုတည်ဆောက်ခြင်းနှင့် ရေရှည်ငှားရမ်းခြင်းကို ယှဉ်တွဲဆောင်ရွက်သည့်" နည်းဗျူဟာကို ကျင့်သုံးလာကြပါသည်။

ဥပမာအားဖြင့် BYD သည် ကိုယ်ပိုင် Ro-Ro သင်္ဘော ၈ စင်းဖြင့် လုပ်ငန်းစဉ်များစတင်နေပြီဖြစ်သလို Chery မှ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ကားတင် Ro-Ro သင်္ဘော ၃ စင်းလည်း ရေကြောင်းပို့ဆောင်ရေးတွင် စတင်လည်ပတ်နေပြီ ဖြစ်ပါသည်။ Geely မော်တော်ကားလက်အောက်ရှိ Jispeed Logistics ၏ ကိုယ်ပိုင် ကားတင် Ro-Ro သင်္ဘော ၂ စင်းရှိထားပြီးဖြစ်ကာ ယခုနှစ် ဧပြီလတွင် SAIC Anji Logistics ၏ ၄၂ စင်းမြောက် ကိုယ်ပိုင် Ro-Ro သင်္ဘောဖြစ်သည့် ကားအစီးရေ ၉,၅၀၀ ဆံ့ "Anji Jisheng" ရေယာဉ်ကိုလည်း လွှဲပြောင်းလက်ခံရရှိခဲ့ပါသည်။

ဒါဟာ"သင်္ဘောအနည်းငယ် ထပ်မံဝယ်လိုက်ရုံ" မျှသာမဟုတ်ပါ။ Ro-Ro သင်္ဘောငှားရမ်းခနှုန်းထားတွေ ထိုးတက်နေပြီး ကုန်တင်နေရာရရှိရန် ခက်ခဲနေသည့် အခြေအနေတွင် ကိုယ်ပိုင် ရေယာဉ်စုရှိထားခြင်းသည် ကားကုမ္ပဏီများအတွက် ပို့ဆောင်ရေးလုပ်ငန်းစဉ်ကိုပြည်တွင်း၌ပင် စီမံနိုင်စေပြီး ပြင်ပရေကြောင်းပို့ဆောင်စရိတ် အတက်အကျ ဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချကာပြည်ပရှိ အရောင်းဆိုင်များသို့ ကုန်ပစ္စည်းပြတ်လပ်မှုမရှိအောင် အာမခံချက် ပေးနိုင်ခြင်းဖြစ်ပါသည်။

ဤအရာ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုပြိုင်ဆိုင်မှုသည် ထုတ်ကုန် အရည်အသွေးပြိုင်ဆိုင်မှုမှတစ်ဆင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chain) ကိုထိန်းချုပ်နိုင်စွမ်းပြိုင်ဆိုင်မှုသို့ ကူးပြောင်းလာနေခြင်းပင် ဖြစ်ပါသည်။

တရုတ် ကားကုမ္ပဏီများ၏ အမှတ်တံဆိပ် တပ်ဆင်ထားသော Ro-Ro သင်္ဘောကြီးများ သမုဒ္ဒရာကို ဖြတ်သန်းမောင်းနှင်နေချိန်တွင် ၎င်းတို့ သယ်ဆောင်သွားသည်မှာအသစ်စက်စက် လျှပ်စစ်ကားသောင်းပေါင်းများစွာ သာမကဘဲ ထုတ်လုပ်မှု နည်းပညာမြင့်မားသည့် ကမ္ဘာ့ စက်မှုနိုင်ငံကြီးတစ်ခုအနေဖြင့် ထုတ်လုပ်မှုကွင်းဆက်၏ အဆင့်မြင့်ဆုံးသို့ တက်လှမ်းရန် ရည်မှန်းချက်လဲဖြစ်ပါသည်။ "မိမိတို့ ကားများကို မိမိတို့ သင်္ဘောဖြင့် ကိုယ်တိုင် တင်ပို့သည့်" ခေတ်သစ်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

#RoRo #သင်္ဘော#မော်တော်ကားတင်ပို့ #ပင်လယ်ရေကြောင်း #ပို့ဆောင်ရေး#MFN #MyanmarFutureNews

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)